ချောင်းဆိုး သွေးပါရင်
ချောင်းဆိုးရင် သွေးပါနိုင်တယ်လို့ ထင်ပါသလား?
လူတစ်ယောက်ဟာ ချောင်းဆိုးရင် သွေးပါနိုင်ပေမယ့် ချောင်းဆိုးသွေးပါတာဟာ ဇီဝကမ္မဖြစ်စဥ်တွေက သွေဖီတဲ့အတွက် ပုံမှန်ဖြစ်စဥ်မဟုတ်ပါ။ ဒါကြောင့် ဘာကြောင့် ဖြစ်တာလဲဆိုတဲ့ အကြောင်းအရင်း ဇစ်မြစ် ရှာကိုရှာသင့်ပါတယ်။
ဒါဆိုရင် ချောင်းဆိုး သွေးပါတိုင်း စိုးရိမ်မှုအထွတ်အထိပ် ရောက်နေရမှာလား? အရာရာတိုင်းမှာ တန်ဆေးလွန်ဘေး ဆိုတဲ့အတိုင်း စိုးရိမ်မှုတွေ မလွန်ကဲသင့်သလို ပေါ့တိပေါ့ဆ နေလို့လဲမရပါ။ မိမိအခြေအနေကို အမြဲသတိကပ် စောင့်ကြည့်ပြီး ဘယ်အချိန်မှာ ဘာတွေ သတိထားသင့်တယ်ဆိုတာ ဗဟုသုတအဖြစ် မျှဝေပေးလိုက်ပါတယ်နော်။
ချောင်းဆိုး သွေးပါတယ် ဆိုတာ လည်ချောင်းနဲ့ အသံအိုး အောက်ပိုင်း အသက်ရှူလမ်းကြောင်းကနေ သွေးထွက်လာခြင်းပါ။ တစ်ခါတစ်ရံ
အစာအိမ်လမ်းကြောင်းက သွေးအန်တာနဲ့လဲ မှားနိုင်ပါတယ်။ ဒါပေမယ့် အသက်ရှူလမ်းကြောင်းက သွေးပါတာဟာ ချောင်းဆိုးတာနဲ့ ဆက်စပ်နေတတ်ပြီးတော့ သလိပ်တွေနဲ့ရောပြီး အမြှုပ်တွေပါ ပါတတ်ပါတယ်။
အစာအိမ်နဲ့ ဆက်စပ် သွေးအန် တာကတော့ မအန်ခင်မှာ ပျို့အန်ချင်သလို ဖြစ်နေတတ်ပြီးတော့ သလိပ်တွေ၊အမြှုပ်တွေ မပါတတ်ပါ။ တစ်ခါတစ်ရံ အစာအိမ်ထဲက အက်ဆစ်တွေပါလာရင် ချဥ်စူးစူးအနံ့နဲ့ ချဥ်စုပ်စုပ်အရသာ ရနိုင်ပါတယ်။ ဒါ့အပြင် နှာခေါင်းသွေးလျှံရာက ပါးစပ်ထဲသွေးတွေ နောက်ပြန်ရောက်လာလို့ ချောင်းဆိုးပြီး သွေးပါလာတာလဲ ဖြစ်နိုင်ပါသေးတယ်။
ချောင်းဆိုးသွေးပါတာ ဘာတွေကြောင့်လဲ?
အဖြစ်အများဆုံးကတော့ ဖွံဖြိုးဆဲနိုင်ငံတွေမှာ တီဘီရောဂါ တွေ့ရတတ်ပြီး ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ နမိုးနီးယား၊ အသက်ရှူလမ်းကြောင်း ပိုးဝင်တာ၊ တခြားသော မှိုကဲ့သို့ ပိုးမွှားတွေ ကူးစက်တာကနေ တစ်ဆင့်လဲ တွေ့ရတတ်ပါတယ်။
တခြားသော အတွေ့ရ များတာကတော့ နှလုံးရဲ့ အခန်းတွေမှာ လုပ်ငန်း
ဆောင်တာတွေ ကျဆုံးသွားတဲ့ အခါ အဆုတ်ထဲမှာ သွေးပြန်အိုင်တာကြောင့် ဖြစ်ပါတယ်။ တခြားသော အသက်ရှူလမ်းကြောင်းနဲ့ ဆက်စပ်နေတဲ့ သွေးကြော ယောင်ယမ်းတဲ့ အခြေအနေတွေ၊ သွေးကြော တွယ်ဆက်မှု မမှန်တာ၊ ပုံမမှန် သွေးကြော ဖြစ်တည်လာတာ တွေကလဲ ချောင်းဆိုးသွေးပါခြင်းကို ဖြစ်စေပါတယ်။
နောက်တစ်မျိုးကတော့ အဆုတ်မှာ ဖြစ်တဲ့ ကင်ဆာရောဂါတွေနဲ့ ကင်ဆာရဲ့မူရင်း တစ်ခြားနေရာကနေ အဆုတ်ကို ကူးစက်ပျံ့နှံလာတဲ့ ကင်ဆာ
ဆဲလ်တွေဟာ သွေးကြောထဲကို ထိုးဖောက်ဝင်ရောက်ရာကနေ သွေးကြောတွေပေါက်ပြီး အသက်ရှူလမ်းကြောင်းကနေ ထွက်လာတဲ့အခါ ချောင်းဆိုးသွေးပါခြင်း ဖြစ်လာရတာပါ။
နောက်ဆုံးအနေနဲ့ကတော့ သွေးမတိတ်တဲ့ရောဂါအခံရှိသူတွေ၊ သွေးကျဲဆေး မှီဝဲနေရသူတွေ၊ ပြင်ပက အရာဝတ္ထုတွေ (ဥပမာ - ကလေးတွေမှာ အဖြစ်များတဲ့ သြဇာစေ့ ၊ ကစားစရာတွေ) မတော်တဆ အသက်ရှူလမ်းကြောင်းထဲ ဝင်ရောက်လာတဲ့ အခါ ၊ အဆုတ်ကို ထိခိုက်စေတဲ့ ဘယ်လို ဒဏ်ရာမျိုးမဆို ချောင်းဆိုးသွေးပါခြင်းကို ဖြစ်စေပါတယ်။
ဒါဆိုရင် ချောင်းဆိုးသွေးပါတာ ဘာတွေကြောင့် ဖြစ်တယ်ဆိုတာ အကြမ်းဖျင်း သိလောက်ပြီထင်ပါတယ်နော်။ (၂၄ ) နာရီအတွင်း သွေးပါတာ ၄၀၀ စီစီ ထက်များရင် ဒါမှမဟုတ် ၁၅၀ ကနေ ၂၀၀ စီစီ ကို တစ်ခါထဲ ပါလိုက်ရင် ပမာဏ များတယ်၊ အသက်အန္တရာယ် ရှိကောင်းရှိနိုင်တယ်လို့ သတ်မှတ်လို့ရပါတယ်။ ဒီ ပမာဏထက် နည်းတယ်ဆိုရင်တော့ သွေးပါတဲ့ ပမာဏ မများဘူးလို့ ယေဘုယျ ခြုံငုံသိနိုင်ပါတယ်။
သွေးပါတာ များတာနဲ့အမျှ ကိုယ်ခန္ဓာမှာ သွေးခုန်နှုန်းတွေတက် ၊ သွေးဖိအားတွေသာမက အောက်စီဂျင်ပမာဏ ပါ ကျဆင်းလာရာကနေ သတိလစ် မေ့မြောနိုင်ပါတယ်။ အရမ်းဆိုးရွားပြင်းထန်ပါက အသက်ရှူလမ်းကြောင်းမှာ သွေးတွေ ပိတ်ဆို့နိုင်ရုံသာမက သတိကောင်းစွာမရတဲ့အခါ အသက်ရှူဖို့ကောင်းစွာ လုပ်ဆောင်နိုင်ခြင်းမရှိဘဲ အသက်ရှူရပ်၊ နှလုံးခုန်ရပ်ကာ သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။
ဒါကြောင့် ဒီလိုသွေးပါတဲ့ ပမာဏ များတဲ့သူတွေမှာဆိုရင် သွေးပြန်သွင်းတာ၊ အောက်စီဂျင်ပေးတာ ၊ အသက်ရှူလမ်းကြောင်း ကြည့်မှန်ပြောင်းနဲ့ သွေးတိတ်အောင်လုပ်တာ၊ လိုအပ်ပါက အရေးပေါ်ခွဲစိတ်ရတာတွေ ကို အချိန်နဲ့ တပြေးညီ လုပ်ဆောင်သွားဖို့လိုအပ်ပါတယ်။ သွေးပါတဲ့ ပမာဏနည်းတဲ့သူတွေရယ်၊ အစပိုင်း သွေးပါတဲ့ပမာဏများပေမယ့်
လူနာ အခြေအနေ တည်ငြိမ်သွားတဲ့ သူတွေရယ် ကို သေချာစမ်းသပ်မေးမြန်းပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေလုပ်ပါတယ်။ ဒါမှသာ
ဘာကြောင့်ဖြစ်တာလဲဆိုတဲ့ ဇစ်မြစ် ရှာဖွေပြီး အပြီးတိုင် အမြစ်ပြတ်
ကုသနိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် သွေးပါပြီ ဆိုတာနဲ့ သေချာ ဆေးကုသမှု ခံယူရမှာ ဖြစ်ပါတယ်။ အရေးကြီးဆုံး ကတော့ သွေးပါတဲ့ ပမာဏ များတယ်လို့ သံသယ ရှိရှိချင်း နောက်ဆက်တွဲ ဆိုးကျိုးများ မခံစားရလေအောင် နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးသွားရောက်ကာ စောလျင်စွာ ကုသမှု မပျက်မကွက် ခံယူသင့်ကြောင်း တိုက်တွန်းလိုက်ရပါတယ်။
မိတ်ဆွေတို့ကော ချောင်းဆိုး သွေးပါဖူးကြပါသလား?
ဒီဆောင်းပါးနဲ့ ပတ်သက်ပြီး သိရှိလိုသမျှ ၊ ဝေဖန်အကြံပြုလိုသမျှကိုလဲ စာဖတ်သူမိတ်ဆွေများက မျှဝေပေးစေလိုပါတယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦးနော်။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်